Wednesday, November 25, 2009

ကျော်သူ နှင့် လောက အလွဲများ ( ဒု )

တစ်ဖန်လူသေပါးစပ်ထဲသို့ငွေတစ်မတ်ထည့်ခြင်းသည်''ကူးတို့ခ''ဟုဆိုကြပြန်သည်။ လူသေ အသက်မရှိသောခန္ဓာသည်ငွေတစ်မတ်နှင့်မည်သည့်ကားကိုစီး၍ရမည်နည်း။ အချို့သော သူတို့က ပါးစပ်ထဲမှငွေတစ်မတ်ကိုနှိုက်ယူပြန်သည်။Luckyကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့၊ နောက် နာရေး မော်တော်ယာဉ်လည်းရောက်ရောခြေကမထုတ်ရဘူး၊ ခေါင်းက မထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊အိမ်နံရံနဲ့မထိရဘူး၊လှေကားက မဆင်းရဘူးနှင့် ''ဘူး'' များ ပဲ့တင် ထပ်လျှင်ပင်၊ နောက်ကြေးစည်ထု၊ကနဖျင်းဖျက်ခြင်းများပြုလုပ်တော့သည်။

ရေအိုးခွဲလိုက်ခြင်းသည်သေသူအားအိမ်သို့ပြန်မလာနိုင်အောင်အိုးစားခွဲခြင်းဟုဆိုသော်လည်း မော်တော်ယာဉ်ပေါ်သို့တင်သောအခါခေါ်မသွားရဘူး၊ပစ်သွားပြီလား ဟူ၍ ငိုကြ ယိုကြ နှင့်ပင်၊ အယူအစွဲ၊အယူသီးမှုတို့နှင့်ဆန့်ကျင်ဘက်လုပ်ရပ်များပင်၊ သုဿာန်တွင် ဝေငှသည့် ယပ်တောင်၊ လက်ကမ်းစာစောင်မှအစအကုန်ယူကြသည်။ သေသူ၏ ပုဆိုး၊ လုံချည်၊ အင်္ကျီ၊ ခုတင်၊ ခြင်ထောင်၊ မွေ့ရာများကိုဘုန်းကြီးကျောင်းသို့ ပို့ခြင်းသည် အိမ်မှာ ခိုက်မှာ စိုး၍ ဖြစ်သည်ဟု ယူဆကြသည်။
ကန့်လန့်ကာ(ခန်းဆီး)ချုပ်၍ဦး/ဒေါ်...ဘယ်သူ၏ကောင်းမှုဟုစာတမ်းထိုးကာဘုန်းကြီးကျောင်းမျက်နှာစာအောက်မှာကုသိုလ်ရအောင်ဆွဲပေး၊ချိတ်ပေးရန်တောင်းဆိုလျှောက်ထားကြသည်။

အိမ်တွင်ခိုက်မှာစိုး၍ဟုဆိုကြသည်။ဤသို့ဆိုလျှင်ဘုန်ကြီးကျောင်းများ၊ဘုန်းကြီးများကျတော့ခိုက်ချင်ခိုက်ပါစေဟူသောသဘောများလားဟုစဉ်းစားမိပြန်သည်။ဤကဲ့သို့ခိုက်မှာကိုကြောက်ကြလျှင်သေဆုံးသွားသူ၏လက်စွပ်၊လက်ကောက်၊ဆွဲကြိုးစသည်တို့ဘယ်များရောက်ကုန်ပြီလဲ၊ဘုန်းကြီးကျောင်းသို့ခိုက်မှာစိုးလို့ဟူ၍ပေးပို့လှူဒါန်းခြင်းကိုမမြင်မိချေ။

ရပ်ကွက်ထဲတွင် ဆုံးပါးသွားပါက နာရေးမော်တော်ယာဉ်ကို 'ဒီဘက်က မထွက်ရဘူး၊ ဟိုဘက်က
ထွက်'ဆိုတဲ့စကားမျိုးရပ်ကွက်တိုင်းလိုလိုတွင်အစဉ်ကြားရမြဲ၊အဘယ်ကြောင့်ဆိုဒီဘက်အခြမ်းက သေသူတွေများနေလို့ဗျာ၊ကဲအဲဒါဆိုရင်တော့ဒီတစ်ခါဟိုဘက်ကလူတွေသေစေလိုတဲ့သဘောလားဗျာ၊အကယ်၍များဒီဘက်ကလည်းအထွက်မခံ၊ဟိုဘက်ကလည်းအထွက်မခံခဲ့လျှင်မည်ကဲ့သို့သင်္ဂြိုလ်မည်နည်ဟုစဉ်းစားစေချင်သည်။

ဤသို့သောအစွဲအလမ်း၊အယူသီးမှုတို့ကြောင့်ရှေးယခင်ကတည်းကမြန်မာလူမျိုးများတွင်'နာရေး ကူညီမှုအသင်း'ဟူ၍မရှိခဲ့ခြင်းပင်။အမှန်မှာဈာပနပြချသည့်အလုပ်သည်အမှန်တကယ် မြင့်မြတ်သော အလုပ်ပင်ဖြစ်သည်။အနိမ့်ကျဆုံးသောကုသိုလ်အလုပ်သည်မြင့်မြတ်သောဖြူစင်သောစိတ်ဓါတ်ရှိသူတို့၏အလုပ်ပင်ဖြစ်တော့သည်။ဆင်းရဲဒုက္ခရောက်နေသူတို့အား သနားညှာတာ ရိုင်းပင်းကူညီ သူတို့ပင် ဖြစ်တော့သည်။သူတစ်ပါး၏ ဒုက္ခကို ကယ်တင်သူတို့ အလုပ်သည် နာရေးကူညီမှု အသင်း၏ လုပ်ရပ်ပင်ဖြစ်တော့သည်။

ဤသည်ကို ဂုဏ်မရှိသော အလုပ်၊ ခိုက်သည့်အလုပ်... ဟူ၍ အယူသီး ကြသည်။ သုဘရာဇာဟူ၍
ခေါ်ကြသည်။ မေးချင်၊ခေါ်ချင်၊ဆေးဖော်ကြောဖက်ပင် မလုပ်ချင်ကြပေ။ ဤသည်မှာ
တရားသဘောနှင့်ဝေးစွာအယူသီးကြခြင်းပင်ဖြစ်တော့သည်။မြန်မာလူမျိုးများသည်လူအယောက် ၁ဝဝ တွင်၉ဝခန့်ရှိသည်။ဥပမာအလောင်းတစ်လောင်းအတွက်ကုန်ကျစရိတ်မှာ ငါးထောင်ကျပ် ကုန်ကျမည်ဆိုလျှင်အလောင်း၂ဝတွက်ငွေတစ်သိန်းကုန်မည်။ တစ်နှစ်လျှင် ၃၆၅ သိန်း ကုန်ရမည် ဖြစ်သည်။ဤသို့တစ်နှစ်လျှင်အနည်းဆုံး ၃၆၅ သိန်းဝင်မည့် ကုမ္ပဏီများ၊ ဖက်စပ် လုပ်ငန်းများ မရှိနိုင်၊
မည်သည့်ကုမ္ပဏီလုပ်ငန်းမှဤသို့မမြတ်နိုင်။

သို့သော်ကျွန်တော်တို့သည်ဤသို့မြေမြှုပ်ခ၊မီးသင်္ဂြိုလ်ခများယူ၍ဘဝကိုရပ်တည်ကြသော သူများမဟုတ်၊မိမိဝမ်းတစ်ဝမ်းမိမိရှာဖွေစားသောက်ရင်းနှင့်စေတနာ့ ဝန်ထမ်း အခမဲ့ ကုသိုလ် ယူနေ ကြသူများပင်ဖြစ်သည်။ကျွန်တော်တို့၏နာရေးကူညီမှုအသင်းကြီးသည် လူမျိုး၊ ဘာသာမရွေး၊ ဆင်းရဲ-ချမ်းသာမရွေးခုနှစ်ရက်သားသမီးတို့၏နာရေးကိစ္စအဝဝကိုအခမဲ့ကုသိုလ်ဖြစ် လုပ်ဆောင်ပေးနေသော
အသင်းအဖွဲ့ပင်ဖြစ်သည်။ဤကဲ့သို့အခမဲ့သယ်ယူပို့ဆောင်ပေးခြင်း၊အခမဲ့ကုသိုလ်ယူခြင်း၊ အခမဲ့ နာရေးကူညီခြင်းလုပ်ငန်းများတွင်အယူသီးမှုများ၊အစွဲမှားမှုများ၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒများသည် အတားအဆီး၊အနှောင့်အယှက်၊အဟန့်အတားများပင်ဖြစ်တော့သည်။

ထို့ကြောင့်'လူ့ဘုံုံထုံးစံ၊ကဲ့ရဲ့ဒဏ်ဖြင့်၊ရန်မာန်ပိတ်သည်း၊ခရီးခဲ၌၊စိတ်ဇွဲ သန်သန်၊ နောက် မပြန်ဘဲ၊ ရဲမာန်ရဲဆေး၊ရဲစိတ်မွေးလျက်၊ရဲသွေးနီနီ၊ စီရရီဖြင့် ဦးတည်မပျက်၊ ရှေ့သို့ဆက်လော'့ ဟူသော မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး (အမရပူရ)၏ သြဝါဒ ဆုံးမစာအရ ကျွန်တော်တို့သည် ကျွန်တော်တို့၏အနှောင့်အယှက်၊ အတား အဆီးများဖြစ်သော အယူသီးမှု၊ အစွဲအလန်း၊ မိစ္ဆာဒိဋ္ဌိ
အယူဝါဒများကို ဖြူစင် သန့်ရှင်း ထက်မြတ်သော တရား ဓမ္မတည်းဟူသည့် ဓားဖြင့် ခုတ်
တန်ခုန်၊လှီးတန်လှီး၊ဖြတ်တန်ဖြတ်၍ခုနှစ်ရက်သားသမီးတို့၏နာရေး(လူမှုရေး)တို့ကိုရိုးမြေကျသည် အထိရဲစိတ်၊ရဲမာန်မွေးကာပန်းတိုင်ရောက်သည်အထိရှေ့ဆက်လျှောက်လှမ်းတော့မည်ဟုသံဓိဋ္ဌာန်ချမှတ်လိုက်သည်။

အားလုံးကိုလေးစားဦးညွတ်လျက်
ကျော်သူ ( Actor )

ကျော်သူ နှင့် လောက အလွဲများ

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ရတနာသုံးပါးကို ကြည်ညိုလေးစားဦးခိုက်ကြသော်လည်း ကံ ကံ၏ အကျိုးကိုယုံကြည်မှု့နှင့် ပတ်သက်၍ အားနည်းနေသည်ကို တွေ့ရပေသည်။ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည်ကောင်းတာလုပ် ကောင်းကျိုးပေးမည်၊မကောင်းတာလုပ်မကောင်းကျိုးများ ရမည်ဟူ၍ ဟောကြားတော်မူခဲ့ပါသည်။မိမိ၏ကံသာလျှင်မိမိ၏ကိုယ်ပိုင်ပစ္စည်း၊ကိုယ်ပိုင်ဥစ္စာများဖြစ်သည်။ကောင်းကျိုး၊ဆိုးကျိုးတို့သည်ကံတရားပေါ်၌သာတည်လေသည်ဟူ၍မြတ်စွာဘုရားရှင်၏ဒေသနာတော်များရှိခဲ့သည်။

သို့သော်.''ဟာမင်းတို့ကတတ်လည်းတတ်နိုင်ရဲ့သားနဲ့၊ပိုက်ဆံလည်းရှိသားနဲ့ ဘာလို့ ဒီနာရေး ကူညီမှုအသင်းကိုမှသွားပြီးအကူအညီတောင်းရတာလဲ''ဘာဖြစ်လို့ ကိုယ်ပိုင် အခေါင်း (Coffin) နဲ့ မီး မသဂြိုလ်တာလဲ''စသည်...စသည်စကားသံများ၊ တီးတိုး သံများသည် ကျွန်တော့် အဒေါ်ဝမ်းကွဲတော် သူ၏နာရေးကိစ္စတွင်အဒေါ်၏ သားဖြစ်သူ၊ ကျွန်တော်၏ ညီဝမ်းကွဲအား သူတို့၏ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတစ်ချို့မှ ပြောကြားလိုက်သော စကားရပ်များပင် ဖြစ်တော့သည်။ ကျွန်တော်၏
ညီဝမ်းကွဲမှ ကျွန်တော့်အား ပြန်လည်၍ ပူဆွေးသောက အပူမီးများထဲမှ အားယူကာ တီးတိုး
ပြန်လည်ပြောပြ၍ကျွန်တော်သိလိုက်ရခြင်းပင်။

ဤတွင်ကျွန်တော့်တွင်ရှင်းပြရန်တာဝန်ရှိလာသည်။ကျွန်တော့်ကိုယ်ပိုင်ဉာဏ်၊ကိုယ်ပိုင်အသိနှင့်ရှင်းပြသည်ထက်ကျွန်တော်တို့၏ခေါင်းဆောင်ကြီးဖြစ်သော၊ကျွန်တော်တို့ကြည်ညိုလေးစားသောမန္တလေး ဗြဟ္မစိုရ်ကျောင်းတိုက်ဆရာတော်ကြီး မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ ဘဒ္ဒန္တတိက္ခ ဟောကြားခဲ့သော ယသ သတို့သားတရားတော်ထဲမှ လူများ အယူသီး ပုံများ၊ အစွဲကြီးပုံများ၊ တလွဲ ဆံပင်ကောင်းမှုများကိုထုတ်နှုတ်ရှင်းပြပါမည်။

ဆရာတော်ကြီးသည် ဤယသ သတို့သား အရဟတ္တဖိုလ်တည်ခန်း တရားတော်ကို အမျိုး၊ ဘာသာ ၊
သာသနာ အတွက် ဟောကြား ခြင်းပင်ဖြစ်သည်။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာ
သုံးပါးကို ကြည်ညို လေးစား ဦးခိုက်ကြသော်လည်း ကံနှင့် ပတ်သက်၍ ယုံကြည်မှု
အားနည်း မှုများကို တွေ့ရသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ကောင်းတာလုပ်
ကောင်းကျိုး ပေးမည်၊ မကောင်းတာ လုပ် မကောင်းကျိုးများ ရမည် ဟူ၍ ဟောကြား
ခဲ့တော်မူသည်။ မိမိ၏ ကံသာလျှင် မိမိ၏ ကိုယ်ပိုင် ပစ္စည်း၊ ကိုယ်ပိုင်ဥစ္စာများဖြစ်သည်။ ကောင်းကျိုး၊ ဆိုးကျိုး တို့သည် ကံတရား ပေါ်၌သာ တည် လေသည် ဟူ၍မြတ်စွာ ဘုရားရှင်၏ ဒေသနာ တော်များရှိခဲ့သည်။

သို့သော် လူအများစုသည် နာရေး ကိစ္စများတွင် အယူသီး ကြသည်။ နာရေး ကိစ္စကြောင့်
စီးပွား ပျက်တယ်၊ လူသေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊ ပျက်စီး ဆုံးရှုံး တတ်တယ်၊
နိမိတ်မကောင်းမှုတွေဖြစ်စေတယ်စသည်စသည်ဖြင့်ဘိုးဘေးဘီဘင်လက်ထက်ကတည်းက အယူ သီးမှုများ၊အရိုးစွဲမှုများ၊အမှားစွဲများရှင်သန်လာခဲ့သည်။

ယနေ့ခေတ် လူ တော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အတွေ့အထိ ဟူသော
အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြကာ မိမိကိုယ်ကို မိမိတို့ သုဘ (သို့မဟုတ်)
မင်္ဂလာဟု ထင်နေ ကြသည်။ မြင်နေကြသည်။ အမှန် စစ်စစ် ရှင်သူ၊ သေသူတို့ အားလုံးသည်
အသုဘ(သို့မဟုတ်)အမင်္ဂလာများသာဖြစ်တော့သည်။အဘယ်ကြောင့်ဆိုသော်မိမိတို့အားလုံးရေမချိုးဘဲနှင့်ရက်ပေါင်း(နှစ်ဆယ်)ခန့်နေကြည့်သော်မိမိတို့ခန္ဓာမှအပုပ်နံ့များတထောင်းထောင်းထွက်နေတော့မည်။ရုပ်တရား၊နာမ်တရားအားလုံးသည်အသုဘချည်းပင်ဖြစ်တော့သည်။မည်သည့်အရာမှတည်မြဲမှုကိုမဆောင်နိုင်ချေ။

မြတ်စွာဘုရားရှင်သည် လူများ ၉၆ ပါးသော ရောဂါ ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍
ရှေးယခင်ကာလကမ္ဘာဦးစကာလတွင်လိုချင်တပ်မက်မှုကြောင့်ဖြစ်ပေါ်သောရောဂါ၊ဆာလောင်မွတ်သိပ်ခြင်းကြောင့်ဖြစ်ပေါ်သောရောဂါ၊အိုမင်းရင့်ရော်မှုရောဂါဟူ၍သုံးမျိုး သာရှိခဲ့သည်ဟူ၍ ဟောကြား ခဲ့သည်။ ဤတွင်မှ တိရစ္ဆာန်များကိုသတ်ဖြတ်စားသောက်ခြင်းမှ အစပြု၍ ရောဂါ ၉၆ ပါးတို့သည် လူတို့တွင်ဖြစ်ပေါ်လာရတော့သည်။

မြတ်စွာဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းရာ၌ 'ခိုက်သည်' ဟူ၍
မဟောကြားခဲ့ပါ။ အမှန်စင်စစ် တိရစ္ဆာန်မသာ ( ဥပမာ-ကြက်၊ ဝက်၊ ပုရစ်...) ကို
ဝမ်းဗိုက်အတွင်းသို့ သွင်းမှသာ ခိုက်မည်ဖြစ်သည်။ ဒူလာ အညောင်းရောဂါသည် သည်
ကြက်သားစားကြည့်၊သွေးတိုးရောဂါရှိလျှင်ဝက်သားပုရစ်စားကြည့်လျှင်သေသည် အထိ ခိုက်မည် ဖြစ်သည်။ဦးနှောက်သွေးကြောပြတ်၍သေသည်အထိခိုက်မည်ဖြစ်သည်။ ဤတွင် မြတ်စွာဘုရား၏ အယူနှင့်လူအတော်များများ၏အယူတို့သည်ဆန့်ကျင်ဘက်ဖြစ်နေတော့သည်။

ဆုံးပါးသွားတဲ့လူမသာကိုအိမ်ထဲမသွင်းကောင်းဘူး၊အိမ်ရှေ့ကမဖြတ်ရဘူး၊အိမ်ပေါက်ဝက မထုတ်ရဘူးဟူ၍အယူသီးမှုများနှင့်ရှုပ်ထွေးနေတော့သည်။ရွာအပြင်ဘက်တွင် သေလျှင် ရွာထဲ မသွင်းရဘူး၊အရပ်အပြင်ဘက်တွင်သေလျှင်အရပ်ထဲမသွင်း ကောင်းဘူး။ သွင်းလျှင် ရွာ နာတယ်၊ အရပ်နာတယ်၊အိမ်သူအိမ်သားတွေခိုက်တယ် ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံးအားလုံးနီးပါးအယူသီးမှုကစိုးမိုးလွှမ်းခြုံမှုကိုခံနေရသည်။

ဤသို့ဆိုလျှင် မနက်တိုင်း မနက်တိုင်း အိမ်ရှင်မများ ဈေးမှ အပြန်ကို ကြည့်လိုက်
စေချင်သည်။ ခြင်းတောင်းလေးနှင့် ဈေးဝယ် ပြီး ပြန်လာ သည့်အခါတွင် ခြေထောက်လေး
နှစ်ချောင်းကိုဈေးခြင်းတောင်းအတွင်းမှအပေါ်ပေါ်အောင်ဟင်းသီးဟင်းရွက်များကိုအောက်မှ ခုကာ ပြန်လာပုံကို တွေ့ကြရမည်ဖြစ်သည်။ ဤ ခြေထောက်ကား ကြက်၊ ဝက် စသည့်
တိရစ္ဆာန်၏ ခြေထောက်ပင်။ ဤသို့သော ကြက်၊ ဝက်၊ ဆိတ်၊ ငါး စသည့် တိရစ္ဆာန်
မသာပေါင်းစုံတို့ကိုမိမိတို့အိမ်တွင်းသို့ဂုဏ်ယူဝင့်ကြွားစွာသွင်းကြသည်။အဆုံးစွန်ဆုံး မြွေ မသာ လည်းသွင်း၊ပုရစ်မသာလည်းသွင်း၊ဖားမသာလည်းသွင်းကြတော့သည်။

'လူမသာတော့ မသွင်းဘူးတဲ့' လူသေလျှင် အိမ် နောက်ဘေး သယ်သွား၊ ပြီးရင် တံစက်မြိတ်
ရေ လက်ပြန် ရေနှင့် ရေချိုးပေး၊ ဆပ်ပြာတိုက်၊ ရေသုတ်၊ အဝတ်အစား ဝတ်ပေး၊ သနပ်ခါး
လိမ်း၊ဆံပင်ထုံးပေး၊နှုတ်ခမ်းနီ၊ပါးနီဆိုးပေး၊နှင်းဆီပန်းပန်ပေးနှင့်စသည့်ဖြင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက်ပြနေကြတော့သည်။အလောင်းလှအောင်လုပ်တာတဲ့၊ ပြုံးပြုံးလေး သေမှ အလောင်းလှတာတဲ့။ နောက်မှခေါင်းကဆံပင်ကိုဖြတ်ပြီး ခြေထောက် နှစ်ချောင်းကို တုပ်တော့သည်။ ဘာဖြစ်လို့လဲ မေး
ကြည့်တော့သူ့ကိုအိမ်မှာနှစ်ညတောင်သိပ်ထားရဦးမှာတဲ့။သေတာတောင်အချုပ်အနှောင် ခံရတဲ့ ဘဝ၊ အမှန်စင်စစ်တရားလေးတွေ့ပြီးပြုံးပြုံးလေးသေမှအလောင်းလှမည်ဖြစ်သည်။

ယခုမူ ဈေးမှ သယ်လာသော တိရစ္ဆာန် မသာများကို အိမ်ထဲသွင်း၊ မီးဖိုချောင်ထဲ သယ်၊
ရေဆေး၊ ဓားသွေး၊ ခုတ်ထစ် ပိုင်းဖြတ်၍ ချက်ပြုတ်၊ စားပွဲပေါ် တင်ကာ မိသားစု
ဝိုင်းဖွဲ့ပြီးစားသောက်ကြသည်မဟုတ်ပါလား၊အရိုးကိုပင်နူးနေအောင်လုပ်ပြီးစားကြသည်။ ပါးစက်ထဲ ညက်ညက်ကြေအောင်ဝါး၊မျိုချ၊ဝမ်းဗိုက်ထဲသို့ရောက်သွားတော့သည်။ဤနေရာတွင်လူ့ဝမ်းဗိုက်သည်တိရစ္ဆာန်တို့၏သင်္ချိုင်းပင်၊လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသင်္ဂြိုလ်စက်ပင်ဖြစ်တော့သည်။ တိရစ္ဆာန်မသာကျတော့ဝမ်းဗိုက်ထဲသို့ထည့်ပြီး လူမသာ ကျတော့ အိမ်ထဲသို့ပင် အသွင်းမခံမှုတို့သည်
အဆိုးဝါးဆုံးသော အယူသီးမှု။ မိစ္ဆာဒိဋ္ဌိ အယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။

ဆက်ရန် - -

Tuesday, November 24, 2009

" The Best Religion In The World "


ဆွစ်ဇာလန်နိုင်ငံ၊ဂျနီဗာမြို.အခြေစိုက်အပြည်ပြည်ဆိုင်ရာဘာသာရေးနှင်.အသိဥာဏ်မြင့်မား
ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ.ကဗုဒ္ဓဘာသာအဖွဲ.အစည်းကို " ကမ္ဘာမှာ
အမွန်မြတ်ဆုံး အကောင်းဆုံး " ဘာသာတရားဆုချီးမြှင့်ခဲ့ကြောင်းသိရှိရပါတယ်...

အဆိုပါအထူးတစ်လည်ချီးမြှင့်တဲ့ဆုကိုကမ္ဘာ့ဘာသာပေါင်းစုံမှကိုယ်စားလှယ် ၂၀၀ ကျော်က
ရွေးချယ်ချီးမြှင်.ခဲ့ခြင်းဖြစ်ပြီးပို၍၀မ်းမြောက်အံ့သြဖွယ်ကောင်းသည်မှာပါဝင်ရွေးချယ်သည်.ဘာ
သာရေးခေါင်းဆောင်အများစုကအဆိုပါအဖွဲ.အစည်းတွင်အဖွဲ.ခွဲဝင်အနည်းဆုံးဖြစ်သောဗုဒ္ဓဘာ
သာကိုမိမိတို့ဘာသာထက်ကျော်လွန်ပြီးဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်သည်...

ပါဝင်ဆန္ဒမဲပေးခဲ့သူလေးဦးကပြောဆိုခဲ့ရာတွင်...

အဆိုပါအဖွဲ.ကြီး၏သုတေသနညွန်ကြားရေးမှူး Jonna Hult က " ဒီကမ္ဘာ.အမွန်မြတ်ဆုံး၊အ
ကောင်းဆုံးဘာသာတရားဆုကိုဗုဒ္ဓဘာသာက ရရှိတာအံ့သြစရာမရှိပါဘူး...ဘာဖြစ်လို့လည်း
ဆိုတော့ကမ္ဘာပေါ်မှာဗုဒ္ဓဘာသာကြောင့်ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့စစ်ပွဲဆိုတာမရှိခဲ့ပါဘူး...
တစ်ခြားဘာသာများနဲ့မတူတာကအဲဒါပါပဲ...တစ်ခြားဘာသာတွေကအကယ်၍ဘုရားသခင်
သာမှားယွင်းခဲ့ယင်ဆိုတဲ.အတွေးနဲ့လက်နက်တွေကိုအရံသင့်ထားကြပါတယ်...ဗုဒ္ဓဘာသာ
ဝင်တစ်ယောက်ဟာ(ဘာသာရေးအတွက်နဲ့) စစ်တိုက်တာကိုတွေ့ရဖို့အတော်ခဲယဉ်းပါတယ်...
တစ်ခြားဘာသာဝင်တွေရဲ.အစဉ်အလာအလေ့အထနဲ့ဆန့်ကျင်စွာပဲဗုဒ္ဓဘာသာဟာကိုယ်
ကိုယ်တိုင်ကျင့်ကြံတဲ့တရားကိုသာသူများကိုဟောကြားခဲ့တာပါပဲ " လို.ဆိုခဲ့ပါတယ်...

Belfast မြို.မှ ကက်သလစ်ဘုန်းတော်ကြီး Ted O'Shaunghnessy ကတော.ကက်သလစ်သာ
သနာကိုမြတ်နိုးကိုကွယ်ပေမယ်.လူသားတွေကိုမေတ္တာဂရုဏာထားရန်ဟောကြားပြီးလူသားတွေ
ကိုပဲသတ်ဖြတ်ကာဘုရားသခင်ရဲ.အလိုဆန္ဒနားလည်ပါတယ်လို.ပြောကြတာကစိတ်အနှောက်အ
ယှက်အဖြစ်ရဆုံးပါပဲ...ဒါကြောင်.မွန်မြတ်တဲ.ဗုဒ္ဓဘာသာကိုမဲပေးခဲ.တာပါလို.အမိန်.ရှိခဲ.ပါတယ်....

ပါကစ္စတန်ကမွတ်ဆလင်ဘာသာရေးခေါင်းဆောင်Tal Bin Wassad ကလည်းဒီအဆိုကိုသဘော
တူထောက်ခံခဲ.ပါတယ်...အဆိုပါအဖွဲ.ကြီးရဲ.ပါကစ္စတန်နိုင်ငံမွတ်စလင်အစည်းအရုံးဆိုင်ရာမဲပေး
ရေးအဖွဲ.၀င်တစ်ယောက်ဖြစ်တဲ.သူက " ကျွန်တော်ဟာအစ္စလာမ်ဘာသာကိုနှစ်နှစ်ကာကာယုံ
ကြည်သူတစ်ယောက်ပါ...သို.သော်လည်းပုဂ္ဂိုလ်ရေးဆိုင်ရာခံစားချက်ထက်ဘာသာရေးကိုအ
ကြောင်းပြပြီးအမျက်ဒေါသတွေထွက်ကြ၊သွေးမြေကျကြရတာတွေကိုတွေ.မြင်ခံစားရပါတယ်...
ဗုဒ္ဓဘာသာဝင်တွေကတော့အဲဒါကိုသိမြင်နားလည်သဘောပေါက်ခဲ့ကြပါတယ်...ပြောရယင်
ကျွန်တော့်ရဲ့အရင်းနှီးဆုံးမိတ်ဆွေတစ်ချို.ဟာဗုဒ္ဓဘာသာဝင်တွေပါ "လို့ပြောခဲ့ပါတယ်...

အစ္စရေးနိုင်ငံဂျေရုဆလင်မြို.ကဂျူးဘုန်းတော်ကြီး Shmuel Wasserstein ကတော့" ကျွန်
တော်လဲကျွန်တော့်ဘာသာဖြစ်တဲ့ဂျူဒါအစ်ဇင် ကိုနှစ်သက်မြတ်နိုးပါတယ်...ကိုယ်.ဘာသာ
မို့ကိုယ် ဒါဟာကမ္ဘာပေါ်မှာအကြီးမြတ်ဆုံးဘာသာတရားလို့လည်းထင်ပါတယ်...ဒါပေမယ်.
ရိုးရိုးသားသားဝန်ခံရယင်ကျွန်တော်ဟာနေ့စဉ်ဂျူးဘာသာအရ၀တ်မပြုခင်ဝိပဿနာတရား
ကိုကျင့်ကြံအားထုတ်နေတာ ၁၉၉၃ ခုနှစ်ကတည်းကပါ...ဒါကြောင့်အခုလိုမဲပေးလိုက်ပါ
တယ် " လို.ပြောလိုက်ပါတယ်...

သို.သော်..စိတ်မကောင်းစရာအချက်တစ်ခုက အဆိုပါအဖွဲ.ကြီးအနေဖြင့်ထိုဆုကိုလက်ခံမည့်
သူတစ်ယောက်ကိုမျှမတွေ့ခဲ.ရပေ....သူတို.ဆက်သွယ်ပြောဆိုသမျှဗုဒ္ဓဘာသာဝင်အားလုံးက
ထိုဆုကိုလက်ခံဖို.ငြင်းပယ်ခဲ့ကြခြင်းဖြစ်သည်...


အဘယ်ကြောင့်ထိုဆုကိုလက်ခံရန်ငြင်းဆန်ရကြောင်းမေးမြန်ခဲ့ရာမြန်မာဗုဒ္ဓဘာသာအသင်း
ဘုန်းတော်ကြီးဂုရတ္တက " ယခုလိုမိမိတို.ဘာသာကိုအသိအမှတ်ပြုချီးမြှင့်သည့်အတွက်ဝမ်း
မြောက်ကျေးဇူးတင်ကြောင်း ...သို.သော်ဒီဆုကိုအမြတ်ဆုံးလွတ်မြောက်မှုနိက္ခမဓါတ်၊နိဗ္ဗာန
ဓါတ်ကြိုးစားအားထုတ်ကာရရှိနိုင်သည့်လူသားအားလုံးကိုမိမိတို့မျှဝေပေးအပ်ပါကြောင်း
..." မိန်.ကြားခဲ့ပါတယ်...

အဖွဲ.ကြီးအနေနဲ့ထိုဆုကိုလက်ခံရယူပေးမယ့်သူကိုဆက်လက်ဆက်သွယ်နေဦးမှာဖြစ်ကြောင်း
သိရှိရပါတယ်....

မူရင်းပို့စ်ကို ဒီမှာ ဖတ်ရှု့နိုင်ပါတယ်၊ ဂူဂဲလ်မှာ ဖော်ပြထားတဲ့ ၀က်ဆိုက်များစွာကိုလဲ ကြည့်ရှု့နိုင်ပါတယ်၊





Monday, November 23, 2009

ဖြေဆေး ပေးပါ

ဘုရားရှင် ခွင့်ပြုတော်မူတဲ့ သိဂါင်္ရ ရသ အပြည့်အ၀ ပါဝင်တဲ့ တေးထပ်လေးကို တည်တော ဆရာတော်ကြီးရဲ့ စာအုပ်ကနေ ပြန်လည် ဖော်ပြပါတယ်


ရမ္မက်ဟုန် အစွဲ ရင့်သူမို့၊

မခွဲချင့် နိုင်ပြီ၊

ပုလဲပွင့် ခိုင်ရတီငယ်၊

ယိုင်မတည်လေတော့ ၊

ခင့်တွက်ကြောင့် ပွေနှောက်ပါတယ် ၊

သွေဖောက်ကာ ပျောင်းနွဲ့ပြီနော့၊

တာဝတိန့် နန်းချက်ဗွေဝယ်

စန်းလက် ဝေေ၀ ကြော့၊

သန်းမျက်ဖြေ ကေဖော့ငဲ့၊

မပြေတော့ မောင့်မှာ၊

ချိတ်နှင့် စာ ဆို့ရှာ ငါးလိုပ၊

ကိုယ့်ညာဖွား ခင့်ရဲ့တွယ်တာ၊

ပြန်ဆုတ်လို့ မရပါပြီ၊

လှကညာ ချစ်သွေးငဲ့၊

ခေတ်ရှေးနဲ့ မောင့်မှာ မတူ၊

နှောင့် ဗျာ အပူ၊

လှကြေးမြင့် မြဒါရူငယ်

ကြွလာကူ မူကြောင်းပလေး။

ပဉ္စသီခ နတ်သားရဲ့နှလုံးသား ဒုက္ခကို လယ်တီ ပဏ္ဍိတ ( ဦးမောင်ကြီး ) ရေးစပ် ဖွဲ့သီထားတဲ့ တေးထပ်လေးပါ၊ ဟို လွန်ခဲ့ တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော် ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါက တာဝတိန်သာ နတ်ပြည်က နတ်သားလေးတပါးက တိမ္ဗရုနတ်မင်းကြီးရဲ့သမီးတော်သူရိယ၀စ္ဆသာနတ်သမီးလေးကို ချစ်နှစ်သက်နေတယ်၊

ဒါပေမယ့် ပြိုင်ဘက်ဖြစ်တဲ့ မာတလိ နတ်သားရဲ့ သားတော် သိခဏ္ဍီ ဘက်ကို စိတ်ယိုင်နေတာကြောင့် ဘယ်လိုမှ ပိုးပန်းမရနိုင်လို့ အကြံအိုက်နေတုံး လက်စွဲတော် ဗေလုဝ စောင်းကို ပိုက်ပြီး နတ်သမီးလေး အိမ်တော် အနားမှာ သီချင်းအသံနဲ့ ဖြေဖျော်နေသတဲ့၊ ( အခုခေတ် မိန်းကလေးအိမ်နားမှာ ကောင်လေးတွေ ဂစ်တာတီး သီချင်းဆို ပိုးပမ်းကြသလိုမျိုး ဖြစ်မယ် ထင်တယ် )

သူ့သီချင်းထဲမှာ ဘုရား တရား သံဃာဂုဏ်တော်တွေ၊ ရဟန္တာမထေရ်အကြောင်းတွေနဲ့ နောက်တော့ သူ့အချစ် သူ့အလွမ်း တွေကို ဖွဲ့နွဲ့ စပ်ဆိုထားတာပါ၊ တနေရာမှာ ဆိုရင် ရေငတ်နေသူကို ရေအေးအေးတခွက်တိုက်လိုက်သလိုမျိုးပဲ နမတော်လေးမေတ္တာက ငါ့ကို အေးမြစေပါတယ် ၊ ချွေးထွက်နေသူကို ယပ်ခတ်ပေးသလိုမျိုး၊ နာကျင်တဲ့ အနာရောဂါ ခံစားနေရသူကို ဆေးထည့်ပေးသလိုမျိုး။ ထမင်းဆာနေသူကို အရသာရှိတဲ့ အစားအစာ ကြွေးလိုက်သလိုမျိုး၊ရင်ထဲမှာ အေးမြစေပါတယ် သူ့ချစ်သူရဲ့ ဆံပင်လေးတွေ လေထဲမှာ ၀ဲပျံနေတာကို ကြည့်ပြီးတောင် သူရင်ဘတ်ထဲမှာ ရင်ခုန်ကြည်နူးနေပြီး အချစ်တွေ ပိုမို တိုးပွားရပါတယ် -

ဆိုပြီး ဂါထာပေါင်း ၁၄ ပုဒ်ခန့်လောက်နဲ့ ပိုးပန်းနေတာ ကို မြင်ယောင်ကြည့်ပေါ့၊ ( အားပါး အခုခေတ် တင်စားပြီး သီဆိုနေတဲ့ သီချင်းတွေ လောက်ကတော့ ပျင်းတယ် လို့ ပြောရမလားပဲ၊ ဘာဖြစ်လို့လဲ ဆို တော့ ဘုရားရှင်ကိုယ်တိုင်က လက်ခံတော်မူတာကြောင့် သူဟာ တကယ့် ဟီးရိုးဖြစ်သွားတာကိုး )

ဒီသီချင်းသံကို ကြားတဲ့ နတ်သမီးလေးက အထင်ကြီး လေးစားသွားပြီး အမောင် ဟိုရှေးရှေးက မြတ်စွာဘုရားပွင့်နေတယ် ဆိုတာကို ကြားရုံပဲ ကြားခဲ့ဖူးတယ်၊ အခုတော့ အမောင်က စေ့စေ့စပ်စပ် ဖော်ကြူးနိုင်တာ ဆိုတော့ -- ရှေ့လျောက် မောင်တော် နဲ့ နှမတော် အတူနေပါတော့မယ် - တဲ့ ၊ လိုရင်း အချုပ်ကတော့ သူ့အစွမ်းကြောင့် နောက်ပြီး သိကြားမင်း နဲ့ မြတ်စွာဘုရားကလဲ ကောင်းချီးပေးတာကြောင့် ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ် ၊၊ နောက်ခံ ဇာတ်ကြောင်းလေး သိပြီ ဆိုတော့ တေးထပ်လေးကို ပြန် ခံစားကြည့်ပါအုံးနော -

အသက်ပေး၍ ကာကွယ်သူ

မိဘ မေတ္တာအကြောင်းလေးကို ဖော်ပြချင်လို့ တင်လိုက်တာပါ၊

မိဘ မေတ္တာ ကြီးမားပုံ ကျေးဇူးများပုံ၊ တွေကိုတော့ စာဖတ်ပရိသတ်များ သိပြီးသားတွေ အများကြီးမို့ မဖော်ပြတော့ပါဘူးနော -
အင်အား မမျှပေမယ့် အသက်ကို မငဲ့ကွက်တဲ့ မိခင်အတွက် ဖြစ်ပေါ်လာတဲ့ ခံစား မှု့ ကြည်နူးမှု့ တွေက စကားလုံးအနေနဲ့တောင် ဖော်ပြခြင်းငှါ မစွမ်းသာ ပါဘူး၊

နောက်ဆုံးတော့ မြတ်ဘုရား အဆုံးအမလေးကို သတိရမိတယ် - မေတ္တာက သာ အရာအားလုံးကို အောင်နိုင်တယ် -မိခင်စိတ် ကင်းမဲ့သော အနည်းစုသော လူများအား မရည်ရွယ်ပါ။ လောကမှာ ရှိသော မိခင်အားလုံး ၏ မေတ္တာကို လေးစားလျက်--

Saturday, November 21, 2009

ရောင်ခြည်တော် လွှတ်ခြင်းအကြောင်း

စေတီပုထိုးများ အဘယ်ကြောင့် ရောင်ခြည်တော် လွှတ်ပါသနည်း။ ကျမ်းအကိုးအကား အထောက်အထားဖြင့် ဖြေကြားပေးတော်မူကြပါ။
( သိလိုသူတဦး )

စေတီပုထိုးတွင် ရောင်ခြည်တော်လွှတ်ခြင်းကဲ့သို့သော တန်ခိုးပြာဋိဟာတို့သည်
(၁) ရဟန္တာ (၂ ) နတ်ဗြဟ္မာ (၃) လူသား - ဟူသော ဤသုံးယောက်သောသူတို့၏ အဓိဋ္ဌာန်ခြင်းကြောင့် ဖြစ်ကုန်၏- ဟု မိလိန္ဒပဥှာကျမ်းတွင် ပြဆိုထားပါ၏။ ( ခု-၁၁၊ ၂၉၇ )

မိလိန္ဒပဥှာတွင် အောက်ပါအတိုင်း ဆက်လက်ရှင်းပြထားပါသည်။

မင်းမြတ်၊ ဤသာသနာတော်၌ ရဟန္တာပုဂ္ဂိုလ်သည် နတ် လူတို့အား အစဉ်သနားသဖြင့် ရပ်တည်တော်မူလျက် ဤမည်သော တန်ခိုးပြာဋိဟာသည် -စေတီ၌ ဖြစ်စေသတည်း-ဟု အဓိဋ္ဌာန်၏။ ထိုရဟန္တာ၏ အဓိဋ္ဌာန်အစွမ်းဖြင့် စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။

မင်းမြတ်၊ ။ နောက်တမျိုးကား၊ နတ်တို့သည် လူတို့အား သာသနာတော်ကို ချီးမြောက်လိုသောကြောင့် အစဉ်သနားသဖြင့် ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌-ဤတန်ခိုးပြာဋိဟာဖြင့် သူတော်ကောင်းတရားတည်းဟူသော သာသနာသည် အမြဲ ချီးမြှောက်အပ်သည်ဖြစ်လတံ့၊ လူတို့သည်လည်း ကြည်ညိုကုန်သည်ဖြစ်၍ ကုသိုလ်ကောင်းမှု တိုးပွားကုန်လတံ့-ဟု တန်ခိုးပြာဋိဟာကို ပြကုန်၏။

မင်းမြတ်၊ ။ နောက်တမျိုးကား၊ မိန်းမ -ယောကျာင်္း တယောက်ယောက်အားဖြင့် ယုံကြည်မှုသဒ္ဓါ အားရှိသော ရတနာသုံးပါး၌ ကြည်ညိုတတ်သော ပညာရှိသော, လိမ္မာသော ထိုးထွင်းနိုင်သော ပညာရှိသော, အသိဉာဏ်နှင့် ပြည့်စုံသောသူသည် သင့်လျော်သောအားဖြင့် ကြံစည်၍ နံ့သာကို၎င်း၊ ပန်းကို၎င်း၊ အ၀တ်ပုဆိုးကို၎င်း၊ တခုခုသော လှူဖွယ်ဝတ္ထုကို၎င်း၊ ဤသို့သော တန်ခိုးပြာဋိဟာမည်သည် ဖြစ်ပါစေသတည်း-ဟု အဓိဋ္ဌာန်၍ စေတီတော်၌ တင်မြှောက်၏။

ထိုသူ၏ အဓိဋ္ဌာန်အစွမ်းဖြင့်လည်း ပရိနိဗ္ဗာန်စံတော်မူပြီးသော ဘုရားရှင်၏ စေတီတော်၌ တန်ခိုးပြာဋိဟာသည် ဖြစ်၏။ ( မိ-ပြန် ၃-၃၁၉ )

အထက်ပါ ပုဂ္ဂိုလ်သုံးမျိုးတို့၏ အဓိဋ္ဌာန်ပြုခြင်း မရှိခဲ့သော် အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံသော အာသဝေါကုန်ခန်း ရဟန္တာပုဂ္ဂိုလ်၏ စေတီတော်၌သော်မှလည်း ရောင်ခြည်တော်လွှတ်ခြင်း စသော တန်ခိုးပြာဋိဟာသည် မဖြစ်။ သို့သော်လည်း အလွန်စင်ကြယ်သော အကျင့်ကိုမြင်၍ -ဤမြတ်စွာဘုရား သားတော်သည် ကောင်းစွာ ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ဟု သက်ဝင်အပ်၊ ဆုံးဖြတ်အပ်၊ ယုံကြည်အပ်၏-ဟု ဆက်လက်ပြီး အကြံပြုထားပါသည်။

မှန်ပါသည်၊ တိဋ္ဌန္တေ နိဗ္ဗုတေ စာပိ၊ သမေ စိတ္တေ သမံ ဖလံ ။ ( ၀ိမာန-၆၆ ) ဟူသည့်အတိုင်း မည်သည့စေတီပုထိုး၌မဆို သက်တော်ထင်ရှား ဘုရားရှင်တိုင်အောင် စိတ်ထားနိုင်လျှင် (သို့မဟုတ်) ဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော်တိုင်အောင် အာရံပြုနိုင်လျှင် ရရှိမည့်အကျိုးတရားလည်း သက်တော်ထင်ရှားဘုရားရှင်ကို ဖူးတွေ့ရသည့်နည်းတူ ထပ်တူတပ်မျှပင် ဖြစ်ပါလိမ့်မည်။ ဆိုလိုသည်မှာ မိမိပူဇော်မည့် စေတီပုထိုးက ရောင်ခြည်တော် လွှတ်-မလွှတ် တန်ခိုးကြီး-မကြီးက အဓိက မဟုတ်၊ မိမိ၏စေတနာအား, သဒ္ဓါအား ဉာဏ်အား ထက်-မထက်ကသာ အရေးကြီးပေသည်။

တဖန် အထက်ပါစေတီပုထိုး၌ ရောင်ခြည်တော်လွှတ်ခြင်းကိစ္စသည် သာမန်နတ်လူတို့အား အစဉ်သနားသဖြင့် မှေးမှိန်အားနည်းနေသော သဒ္ဓါတရားများ ထက်သန်လင်းလက်လာစေရန် ကြံဖန်အပ်သော အဓိဋ္ဌာန်အစွမ်း ကြောင့်သာ ဖြစ်ပေါ်လာခြင်းဖြစ်၏။ စေတီပုထိုးတို့၏ ပကတိ အုတ် အင်္ဂတေ တို့၌ကား ရောင်ခြည်တော်ကွန့်မြူးနိုင်သော သဘာဝစွမ်းအားများ မရှိကြ။

သို့ရကား သက်တော်ထင်ရှား ပကတိသမ္ဗုဒ္ဓဘုရားရှင်၏ ဓာတ်ရောင်ခြည်တော် ထွက်ပေါ်ကွန့်မြူးခြင်း အကြောင်းကိုလည်း လေ့လာမှတ်သားသင့်သေး၏။

ဘုရားရှင်၏ ရောင်ခြည်တော်ခြောက်သွယ် တင့်တယ်စွာ ထွက်ပေါ်လာခြင်းသည် အဓိဋ္ဌာန်ကြောင့်ဖြစ်သော တန်ခိုးတော်မဟုတ်သလို ဘာဝနာကြောင့်ဖြစ်သော တန်ခိုးတော်လည်း မဟုတ်ပေ။ စင်စစ်သော်ကား သဗ္ဗညုတရွှေဉာဏ်တော်ကြီးဖြင့် အလွန်တရာ သိမ်မွေ့နက်နဲစွာသော အနန္တနယသမန္တပဋ္ဌာန်းကျမ်းကြီးကို သုံးသပ်ဆင်ခြင်တော်မူသောအခါ မြတ်စွာဘုရားရှင်၏ သန္တာန်၌ အလွန်နှစ်သက်ဝမ်းမြောက်ခြင်း ပီတိတရားများ ဖြစ်ပွားလာလေ၏။

( အခြားတရားများကို ဆင်ခြင်သုံးသပ်စဉ်က ဉာဏ်တော်ကြီးကကျယ်ဝန်းကြီးမားသလောက် တရားနည်းက ကျဉ်းလွန်းရကား ဉာဏ်ကျက်စားကွန့်မြူခွင့် မရသဖြင့် ယခုလောက် ပီတိဖြစ်ဖွယ် မရှိ ) ပီတိတရားဖြစ်ပွားမှုကြောင့် သွေးတော်များ ကြည်လင်လာ၏။ သွေးတော်ကြည်လင်ခြင်းကြောင့် ဟဒယ၀တ္ထုရုပ် ကြည်လင်လာ၏၊ ဟဒယ၀တ္ထုရုပ် ကြည်လင်ခြင်းကြောင့် အရေပ=အဆင်းတော် ကြည်လင်လာ၏။ အရေအဆင်းတော် ကြည်လင်ခြင်းကြောင့် စိတ်လျှင် အကြောင်းရင်း ရှိသော ဥတုကြောင့်ဖြစ်သော အဆင်းဓာတ်ရောင်ခြည်တော်များ ထွက်ပေါ်လာ၏။ ( အဘိ-ဋ္ဌ ၁၊ ၁၄၅ )

ဤတွင် ဘုရားရှင်၏ ကိုယ်တော်မှ ရောင်ခြည်တော်တို့သည် အပြင်သို့ထွက်လာကုန်၏-ဆိုရာ၌ စိတ်ကြောင့်ဖြစ်သော စိတ္တသမုဋ္ဌာန်ရုပ်ကား ကိုယ်မှအပြင်သို့ မထွက်နိုင်။ ထိုနှစ်သက်ကြည်လင်နေသော စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်တွင် ဥတုပါဝင်၏။ ထိုဥတု (အပူဓာတ်၊ အအေးဓာတ်) သည် ရုပ်ကိုဖြစ်စေနိုင်၏။ ထိုဥတုဇ (ဥတုကြောင့်ဖြစ်သော) ရုပ်တွင် ဥတုပါဝင်ပြန်၏။ ထိုဥတုကလည်း ရုပ်ကိုဖြစ်စေပြန်သည်။ ဤသို့အားဖြင့် ဥတုဇရုပ် အဆက်ဆက်ဖြစ်သောအခါ ကိုယ်တော်မှအပြင်သို့ ရောင်ခြည်တော် ဥတုဇရုပ် ၀ဏ္ဏဓာတ်တွေ ထွက်ပေါ်လာနိုင်ကုန်၏-ဟု ဋီကာဆရာက ရှင်းပြပါသည်။ ( မူလဋီကာ )

( လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်သောအခါ ဥတုဇရုပ် ရောင်ခြည်ဓာတ်တွေ အဆက်ဆက်ဖြစ်ပေါ် ထိုးထွက်သွားသည်ကို မျှော်ခေါ်ကြည့်လေ။ အဘိဓမ္မာလေ့လာဖူးသူတို့အတွက်ကား ရှင်းလှ၏ )။

ထိုသို့ ရောင်ခြည်တော်ခြောက်သွယ် တင့်တယ်စွာ ထွက်ပေါ်လာရာ၌

(၁) ဆံမုတ်ဆိတ်တော်၊ မျက်နက်တော်ဟုဆိုအပ်သော ညိုသောအရပ်တို့မှ ညိုသောရောင်ခြည်တော်။
(၂) ရွှန်းအိကိုယ်ရေ ၀ါရွှေသောအရပ်တို့မှ ၀ါရွှေသော ရောင်ခြည်တော်။
(၃) မျက်စိသားသွေး နီတွေးရာအရပ်တို့မှ နီသောရောင်ခြည်တော်။
(၄) အရိုးတော် သွားတော် မျက်ဖြူတော်ဟုဆိုအပ်သော ဖြူသောအရပ်တို့မှ ဖြူသောရောင်ခြည်တော်။
(၅) လက်ဖ၀ါးပြင်၊ ခြေဖ၀ါးပြင် အစရှိသော စဉ်းငယ်နီမြန်းရာအရပ်တို့မှ မှည့်မောင်းသော ပန်းရောင်အဆင်းရှိသော ရောင်ခြည်တော်။
(၆) ဥဏ္ဏလုံမွေးရှင်တော်၊ လက်သည်း ခြေသည်းတော် အစရှိသော အရောင်တလက်လက် ထွက်ရာအရပ်တို့မှ ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော ရောင်ခြည်တော်များ ထွက်ပေါ်ကွန့်မြူလာကုန်၏။ (ပဋိသံ-ဋ္ဌ၊ ၂-၁၃)

( လက်နှိပ်ဓာတ်မီး၊ ဆလိုက်မီးတို့၏ ရှေ့၌ အနီရောင်ကာလျှင် အနီ၊ အ၀ါရောင်ကာလျှင် အ၀ါ၊ စသည်ဖြင့် ဓာတ်ရောင်ခြည်များ ဖြာထွက်သွားသည်ကို မျှောခေါ်ကြည့်ကြလေ )။

ယခုအခါတွင် ရောင်ခြည်တော်များ စေတီပုထိုး ရုပ်ပွားဆင်းတုအမျိုးမျိုးမှ (အကြောင်းမတိုက်ဆိုင်၍) မဖူးတွေ့ရလျှင် ရှိစေ၊ ဘုရားရှင်၏ ရောင်ခြည်တော်ခြောက်စုံတို့ဖြင့် တင့်တယ်စွာ စံပယ်တော်မူနေပုံကို အာရုံပြု မှန်းဆ၍ ပူဇော်နိုင်လျှင်လည်း ကောင်းကျိုးများစွာ ရပါလိမ့်မည်။

ပုံတော် ဂုဏ်တော်၊ လုံးစုံမျှော်၊ ပူဇော်နိုင်ကြစေ။
ဘုရားရှင်အား၊ ပူဇော်ငြား၊ ကြီးမား တန်ခိုးပေ။
အရှင်ကောဝိဒ (ယော)

Monday, November 16, 2009

သောက်လေ သောက်လေ ငတ်မပြေ


အလိုမပြည့်နိုင်တဲ့
ထိုအလေ့ ကာမဂုဏ်
မန္ဓာတုသော်မှ
အာယုတော် ရှည်စွာနဲ့
ဝသီပါ သူ လိုက်စားတယ်
များလှ အာရုံ၊
မနှစ်ခြိုက် နိုင်လို့
အသစ်လိုက် ပြန်ပါတုံ
ခန္ဓာကုန်သော်လည်း တိမ်မတင်း
နတ်ဘုံမှာ ဇာတ်စုံစွာ
ရွေတော်ရံနှင့်
ဖြေဖျော်ခံ အလိုစမ်းသော်လည်း
ငတ် တဏှာ
တက်ကာ သရမ်းတော့တယ်
ကမ်းဘက်သို့ ချဉ်း ။ .။
(မှတ်ချက်) ကမ်းဖက်သို့ ချဉ်း ဟူသည်မှာ တဏှာ သရမ်းနေလျှင် အ၀ီစိ တဖက်ကမ်း သို့ ချဉ်းကပ်နေသည် ဟူလို။ ။
ဝတိုင်း တွေ့ကြုံခံစားနေရတဲ့ ငါးပါးအာရုံ ကာမဂုဏ်တွေ ဆိုတာ ဘယ်လောက်ခံစားနေသော်လည်း အားရ တင်းတိမ် ရောင့်ရဲခြင်း မရှိနိုင်ဘဲ နောက်ဆုံး အသက်တွေ ကြီး အိုမင်း မစွမ်း သေမင်းနိုင်ငံ သာ သွားရတယ် အလိုမပြည့်နိုင်ဘူး ဆိုတဲ့ အကြောင်းလေးပါ၊ လင်္ကာ လေး ဆိုလိုချက်က - ဟို ရှေးရှေးတုန်းက မန္ဓာတု ဆိုတဲ့ စကြာဝတေးမင်းကြီး ရှိသတဲ့ ၊သူဟာ စကြ၀တေးမင်း စီးစိမ် နဲ့ လူ့ပြည်မှာ ကာမဂုဏ် ငါးပါး ကို ခံစားနေရပေမယ့် အားရတင်းတိမ်နိုင်ခြင်း မရှိတာကြောင့် နောက်ဆုံး သိကြားမင်းကို အကူအညီ တောင်းပြီး လူ့ပြည်ထက် အဆ အရာ အထောင် သာလွန်တဲ့ နတ်စီးစိမ်တွေနဲ့ နတ်သမီးတွေကို ပျော်ပါး ခံစားသော်လည်း မတင်းတိမ်၊ နောက်ဆုံး လူ့သက်တမ်း ရာ ထောင် ပေါင်းများစွာခံစားသွားသော်လည်း အလိုမပြည့်နိုင်ပဲ သေဆုံးသွားရသတဲ့ ။

ဒါကြောင့် အာရုံငါးပါး ဆိုတာ ကို ရှေးရှေး ပညာရှိများက ပင်လယ် ဆားငံရည် နဲ့ ခိုင်းနှိုင်းခဲ့ကြတယ်၊ ရေ ဆာလို့ ရေသောက်တဲ့ သူဟာ ပင်လယ်ရေ ကို သောက်မိရင် ရေဆာ မပြေနိုင်ပဲ ခဏတိုင်းသောက်ပြီး ခဏတိုင်းပြန် ဆာလောင်တတ်လို့ သောက်လေ သောက်လေ ငတ်မပြေ လို့ ဥပမာ ပေးခဲ့ကြတယ်၊ ဒီလိုနဲ့ပဲ နိဗ္ဗာန်နဲ့ ဝေးရာ တဖက်ကမ်းကို မသိ မသာ သွားနေမိတတ်ကြတယ် - -

သတိတရား လက်ကိုင်ထားပြီး နိဗ္ဗာန် နဲ့ နီးရာဆီကို လျောက်လှမ်းနိုင်ပါစေ -